မို့မို့ခိုင် (ဆဌမတန်း)

ကျွန်မသည် ထန်းတပင်မြို့နယ် ရိုးဂွအခြေခံပညာအထက်တန်းကျောင်းခွဲတွင် ဆဌမတန်းပညာသင်ကြားနေသော မမို့မို့ခိုင်ဖြစ်ပါသည်။ ကျွန်မတွင် အမေ၊ အမ နှစ်ယောက် နှင့် ညီမလေးနှစ်ယောက် စုစုပေါင်း မိသားစု ၅ယောက်ရှိပါသည်။အဖေကတော့ အလုပ်သွားလုပ်နေပါသဖြင့် အိမ်တွင်မရှိသည်က များပြီး အမေကတော့ ကျန်းမာရေးမကောင်းသည့်အတွက် အိမ်တွင် နေထိုင်ကာ နားနေပါသည်။

အမလတ်သည် မိသားစုစားဝတ်နေရေးအတွက် အလယ်တန်းမပြီးဆုံးခင်မှာပင် ကျောင်းထွက်ကာ မိသားစုအတွက် အနီးအနားရှိ စက်ရုံတွင် အလုပ်လုပ်ကိုင်လျက်ရှိပါသည်။ ညီမလေးနှစ်ယောက်အနက် တစ်ယောက်သည် ပထမတန်း ဖြစ်ပြီး နောက်တစ်ယောက်မှာ အသက် ၄နှစ်အရွယ် ကျောင်းမနေသေးပါ။

အမအကြီးဆုံးမှာ အိမ်ထောင်ကျကာ သပ်သပ်မိသားစုဖြင့် နေထိုင်ပါသည်။ ကျွန်မသည် မူလတန်း တက်ရောက်သင်ယူနေစဉ်တွင် မိသားစုစားဝတ်နေရေး အခက်အခဲရှိသည့်အတွက်  ပညာဆက်လက်သင်ကြားရန် အခက်အခဲများရှိနေခဲ့ပါသည်။

အိမ်အလုပ်များကိုတော့ အမေ ၊ အမလတ်တို့အပြင် ကျွန်မလည်း အားလပ်ချိန်တွင် ကူညီလုပ်ကိုင်ပေးပါသည်။ကျောင်းမှပြန်ရောက်ပါက သန့်ရှင်းရေးလုပ်ခြင်း၊ ထမင်းချက်ခြင်းနှင့် အဝတ်လျှော်ခြင်းများကို ကူညီလုပ်ကိုင်ပေးပါသည်။ အိမ်တွင် မီးမရှိသည့်အတွက် မမှောင်ခင်အတောအတွင်းတွင် အကုန်လုံးပြီးစီးအောင် လုပ်ဆောင်ရပါသည်။

အိမ်အလုပ်များ ပြီးစီးပါက စာကျက်ချိန်ဖြစ်သော်လည်း စာကျက်ချိန်ရောက်ပါက မိုးချုပ်သွားပြီး မီးမရှိသည့်အတွက် မျှော်မှန်းထားသလောက် စာကျက်ခြင်းများ မလုပ်ဆောင်နိုင်ပါ။

ကျောင်းဖွင့်နေစဉ်တွင် ကျောင်းဆင်းပြီးနောက် အိမ်အလုပ်လုပ်ရသော်လည်း နွေရာသီ ကျောင်းပိတ်ရက်များတွင် မိသားစုစားဝတ်နေရေးအတွက် နေ့စားဖြင့် အလုပ်လုပ်ကိုင်ရပါသည်။

နေ့တိုင်းစာကျက်ချိန်မရှိလောက်အောင် နေထိုင်စားသောက်မှုခက်ခဲသော သူမသည် အနာဂတ်တွင် ဆရာမဖြစ်ချင်ကာ သူမလိုမျိုး မိသားစုစားဝတ်နေရေးခက်ခဲကာ ပညာသင်ကြားရန် အခက်အခဲရှိသော ကလေးငယ်လေးများအတွက် ကူညီချင်သည်ဟု ဆိုပါသည်။

Comments are closed.